Saturday, December 25, 2010

Fwd: 23/Dec/2010 ရယ်မောခြင်းဖြင့် အသက်ရှည်ပါစေ. . .ဘoအမောတွေကင်းေoးပါစေ။

ဧရာဝတီစာကြည့်တိုက်



" မျက်လုံးကြို
ပူးရော "

စားသောက်ဆိုင်ကြီးတစ်ခုထဲမှာ လက်ဖက်ရည်ထိုင်သောက်နေတဲ့ လူတစ်ယောက်က စားပွဲထိုးကို လှမ်းခေါ်လိုက်ပါတယ်။
စားသုံးသူ.... "ရေတစ်ခွက်လောက်ပေးစမ်းပါအုံးကွာ....."
စားပွဲထိုး...... " ဒီမှာဗျာ . ဒါနဲ့ဆိုခင်ဗျား တောင်းတာ ဆယ်ကြိမ်ရှိသွားပြီ။ လက်ဖက်ရည်တစ်ခွက်မှာပြီး
ဆယ့်ငါးမိနစ် အတွင်း ဒီလောက်ကြီးတဲ့ ရေသောက်တဲ့လူမျိုး ကျွန်တော်တစ်ခါမှ မတွေ့ဖူးဘူးဗျာ... "

အဲဒီမှာ စားသုံးသူပြန်ပြောလိုက်တဲ့စကားကြောင့် စားပွဲထိုး ခမျာ မျက်လုံးကိုပြူးရော....
စားသုံးသူ.... " ရေကသောက်ဖို့မှတ်လို့လား။ ငါထိုင်နေတဲ့ ကုလားထိုင် မီးလောင်နေလို့ကွ "

" သပ်သပ်စီပဲ"

တစ်နေ့မှာ... ယုယုဆိုတဲ့ မိန်းကလေးတစ်ယောက်က သူ့သူငယ်ချင်း တစ်ယောက်နဲ့ စကားပြောနေတာပေါ.
ယုယု...... " ကိုယ်တော့ မောင်မောင်နဲ့ စေ့စပ်ထားတာ ၊ ဖျက်ပစ်ဖို့ဆုံးဖြတ်လိုက်ပြီ။ "
သူငယ်ချင်း .... " ဘာကြောင့်လဲကွာ ... "
ယုယု..... " သူ့အပေါ်ခံစားလို့မရတော့လို့ပါ. ကိုယ်သူ့ကို စိတ်ကုန်သွားပြီ ... " လို့ပြောတယ် ။
ဒါနဲ့သူငယ်ချင်းက ယုယုကိုပြောလိုက်ပုံက .....
သူငယ်ချင်း..... " ဒါနဲ့များ သူပေးထားတဲ့ စိန်လက်စွပ်ကြီးတော့ ခုထိဝတ်ထားတုန်းပါလား လို့" ပြောတော့ ယုယု ပြန်ပြောလိုက်ပုံကတော့
ယုယု ..... " ဟဲ့ . . . . စိန်လက်စွပ်ကြီးကိုတော့ စိတ်မကုန်ဘူးလေ.. တဲ့ .. "




ချစ်သူဘ၀. . . .

ကောင်မလေးနှင့်ကောင်လေး ချိန်းတွေ့ကြ၏. . . ကောင်းကင်မှာ ငှက်ကလေးတွေက တကျီကျီ မြည်တမ်းလျက် ပျံသန်းသွားကြသည်. . . ငှက်ကလေးတွေကိုကြည့်ပြီး ကောင်မလေး က မေးခွန်းတစ်ခု မေးလိုက်၏. . .

"ဘာငှက်လေးတွေလဲ မသိဘူးနော် . . မောင်ရော သိရဲ့လား . . . "

"အချစ်ငှက်လေးတွေပေါ့. . . .အချစ်ရာ. . . "

ဟု . . . ကောင်လေးက ချိုသာသော အသံဖြင့် ပြန်ဖြေသည်. . . ချစ်ရည်ရွှန်းသော အကြည့်တို့ဖြင့် တစ်ဦးကို တစ်ဦး ကြည့်၍ ပြိုင်တူ ပြုံးလိုက်ကြ၏. . .

အိမ်ထောင်ကျပြီးစ.

ကောင်မလေးက သူ့ယောကျာ်းကို ခေါ်ပြီး ရည်းစားဘ၀က အတူတူထိုင်၍ ကြည်နူးခဲ့ဖူးသော နေရာဟောင်းလေးသို့ အတူတူသွား၍ ထိုင်ကြသည်. . . ကောင်းကင်ယံမှာလည်း ငှက်ကလေးတွေ တချို့ ပျံသန်း သွားကြပြန်သည်. . . ကောင်မလေးက ကြည်နှူးစွာ မေးခဲ့ဖူးသော မေးခွန်းတစ်ခုကို အသစ်လုပ်ကာ ပြန်မေးလိုက်၏. . .

"ဘာငှက်လေးတွေလဲ မသိဘူးနော်. . မောင်ရော သိရဲ့လား . . . ."

"စာငှက်တွေလေကွာ. . "

ယောကျာ်းဖြစ်သူက စိတ်မပါစွာ ပြန်ဖြေလိုက်၏. . . ကောင်မလေးက မဲ့ပြုံးတစ်ချက် ပြုံးသည်. . .

ကလေးတစ်ယောက်ရပြီးသော အခါ. . .

သည်တစ်ခါလည်း သူတို့ အတူတူ ထိုင်ဖူးသော နေရာမှာပင် ထိုင်နေကြပြန်သည်. . သို့သော် အရင်နှင့်မတူတော. . . ကောင်မလေး၏ ရင်ခွင်မှာ ကလေးငယ်တစ်ယောက်ကို ထွေးပွေ့ထား၏. . . ငှက်ကလေးများကတော့ မပြောင်းလဲစွာ ပျံသန်းသွားကြပြန်သည်. . ကောင်မလေးက မေးခွန်းတစ်ခု မေးလိုက်ပြန်၏. .

"ဘာငှက်တွေလည်း မသိဘူးနော် တကျီကျီနဲ့ . . . "

ထိုအခါ ယောကျာ်းဖြစ်သူ၏ ဖြေစကားကြောင့် မိန်းကလေးမှာ မျက်ရည်များ ဝေ့သမ်းလာလေသည်. . . ယောကျာ်းဖြစ်သူ ပြောလိုက်သည်ကား. . . .

"ဟ . . . ဒီငှက်လေးရဲ့ နာမည်မှ မသိဘူးလား . . . မသိရင် မသေမချင်းမှတ်ထား. . လဒငှက်တဲ့ " ဟူသတည်း. . .

ဂေါက်သီးလောကဟာသများ



"စိုးရိမ်သူ"

နာမည်ကြီးဂေါက်ကွင်းတစ်ကွင်းအနီးရှိ ဆေးရုံကြီး၏ အရေးပေါ် ကုသခန်းရှေ့တွင် ဂေါက်သမားကြီး တစ်ယောက် လူးလားခေါက်တုံ့ဖြင့် ဂနာမငြိမ် ဖြစ်နေသည်. . အခန်းထဲတွင်ကား ဆရာဝန်များသည် လည်ချောင်းထဲသို့ ဂေါက်သီးဝင်သွားသည် ဂေါက်သမားတစ်ဦးကို အရေးပေါ်ခွဲစိတ်နေကြ၏
တာဝန်ကျသူနာပြုက ထွက်လာပြီး ဂေါက်သမားကြီးကို နှစ်သိမ့်၏

သူနာပြု - "ပြီးတော့မှာပါရှင်၊ ဘာတော်လည်း၊ ဆွေမျိုးလား. . . "

ဂေါက်သမား- "မတော်ပါဘူးဆရာမ၊ ကျွန်တော့ဘောလုံးကလေး ပြန်ရမလားလို့ စောင့်နေတာပါ. . . "


"အထက်လူကြီးနဲ့ရိုက်ရတာ"

ယောကျာ်းဖြစ်သူ က ဂေါက်ကို သဲကြီးမဲကြီး ကစားလွန်းတော့ မိန်းမကလည်း ငါ့ယောကျာ်း ဒီလောက်စွဲနေတဲ့ အားကစားကို နားလည်အောင်တော့ လေ့လာထားမှပါလေလို့ ဆုံးဖြတ်လိုက်တယ်..

မိန်းမ - "အကျောပေးဂေါက်သမားဆိုတာ ဘာလဲဟင်"

ယောကျာ်း - " ကိုယ့်အထက်လူကြီးနဲ့ ရိုက်ရတဲ့ ဂေါက်သမားမျိုးပေါ့ကွာ . . . တဲ့"


နေရာသိတာက



ကုမ္ပဏီတစ်ခုတွင် ၀န်ထမ်းများအားလုံး အသုံးပြုနေသော မိန်းဖရိန်ကွန်ပျူတာကြီးမှာ ရပ်သွားလေသည်. . . ၀န်ထမ်းများလည်း တတ်သလောက်မှတ်သလောက် နှင့် ကွန်ပျူတာစက် ပြန်လာအောင် လုပ်ကြသော်လည်း မည်သို့မှ လုပ်၍မရဖြစ်နေသည်. သို့နှင့် နောက်ဆုံးတွင် ကျွမ်းကျင်သူပညာရှင်တစ်ယောက်ကို ခေါ်၍ပြရလေတော့သည်. . .

ပညာရှင်ရောက်လာပြီး ကွန်ပျူတာကို စစ်ဆေးကြည့်ရှုပြီး တူအသေးလေးတစ်လက်ကို ထုတ်၍ ကွန်ပျူတာ အနှံ့အပြားကို လိုက်ခေါက်ရာ မိနစ်အနည်းငယ်ကြာသော် ကွန်ပျူတာကြီးမှာ ပြန်ကောင်းသွားလေသည်. . . ရက်အနည်းငယ်ကြာသောအခါ ထိုကုမ္ပဏီ မန်နေဂျာထံသို့ ကျွမ်းကျင်သူပညာရှင်၏ ငွေတောင်းခံလွှာတစ်စောင် ရောက်လေသည်. . .

ကွန်ပျူတာပြင်ခ ဒေါ်လာ ၁၀၀၀ တောင်းထားခြင်းဖြစ်သည်. . . ထိုအခါ မန်နေဂျာသည် ပညာရှင်နှင့် သွားတွေ့ပြီး ပြောလေသည်. . .

"ဒီမှာ ခင်ဗျ ၊ ကွန်ပျူတာပြင်ခ ဒေါ်လာ ၁၀၀၀ ဆိုတာ သိပ်များပါတယ် . . ငါးမိနစ်လောက် တူကလေးနဲ့ ဟိုခေါက် ဒီခေါက်လုပ်ပြီး ကွန်ပျူတာကောင်းသွားတာပဲ၊ ဒီလောက် ယူဖို့မကောင်းပါဘူး၊ ငွေတောင်းခံလွှာကို ပြန်ပြင်ပေးပါ. . . "

နောက်တစ်နေ့တွင် ငွေတောင်းခံလွှာအသစ်ရောက်လာရာ

"ကွန်ပျူတာအား တူနှင့်ခေါက်ခ ၁ဒေါ်လာ . . မည်သည့်နေရာကို ခေါက်ရမည်ကို သိသည့် အတွက် ၉၉၉ ဒေါ်လာ၊ စုစုပေါင်း ဒေါ်လာ ၁၀၀၀ ဟူ၍ဖြစ်လေသည်. . . "

အိမ်မြှောင်အဆုံးအဖြတ်


တစ်ခါသော် ကျောင်းသားတစ်ယောက်သည် ကျောင်းနံရံမှတွေ့ရသော အကောင်ငယ် တစ်ကောင်ကို လက်ဝါးပေါ်တင်ပြီး တစ်ယောက်က အိမ်မြှောင် တစ်ယောက် က ကျောင်းမြှောင် နှင့် ငြင်းခုံနေကြသည်။

"ကျောင်းမြှောင်ကွ၊ ကျောင်းနံရံတွေမျာ တွေ့တာကြောင့် ကျောင်းမြှောင်ကွ၊ အိမ်နံရံကပ်မှ အိမ်မြှောင်ခေါ်တာ..."

"ဟေ့ ကျောင်းမှာတွေ့ပေမယ့် အိမ်မြှောင်ကွ"

"မင်းဘာပြောပြော အိမ်မြှောင်ဟာ အိမ်မြှောင်ပဲ"

"ကျောင်းမြှောင်....အိမ်မြှောင် "

အဲလို အော်ဟစ်ငြင်းခုံနေကြသည်ကို မောင်ကျဘမ်းက နားစွင့်ရင်း ကြည့်နေလေသည်။

ကျောင်းသားတစ်ယောက်က "ဒါဖြင့်ရင် ဟော ဟိုကျောင်းသားလေးကို သွားပြီး ကျောင်းမြှောင်လား အိမ်မြှောင်လား မေးမယ်ကွ ဟုတ်လား သူပြောတာကို အမှန်ထားမလား "

"အေး"
"ကျောပိုးတမ်းနော်"

ကျောင်းသားနှစ်ယောက်မှာ မောင်ကျဘမ်းထံ အဆုံးအဖြတ်ခံရန် ရောက်လာကြပြီး အိမ်မြှောင်၊ ကျောင်းမြှောင်ဖြင့် အငြင်းပွားပုံကို ပြောကြားလေရာ။

၇နှစ်သားအရွယ်ပညာရှိကြီး မောင်ကျဘမ်းက ဆုံးဖြတ်ပေးလိုက်သည်မှာ...

"ဒီသတ္တ၀ါဟာ ကျောင်းနံရံမှာ တွေ့ရုံနဲ့ ကျောင်းမြှောင်မဟုတ်၊ အများခေါ်သလို အိမ်မြှောင်ဆိုတာလဲမှားတယ်။ အခု လက်ပေါ်မှာ ရောက်နေ၍ လက်မြှောင် လို့သာ ခေါ်ရမယ်..."

ထိုသို့လက်မြှောင်ဟု လက်ပေါ်ကို တင်၍ပြရာ မငြင်းသာပဲ ကျောင်းသားကြီး၂ယောက်တို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး မိမိတို့ နှစ်ယောက်သည် မှန်သူအား မှားသူက ကျောပေါ်တင်ပိုးကာ မူလနေရာသို့ ပို့ ရမည် ဟု အလောင်းအား ပြုထားသောကြောင့် ယခုမောင်ကျဘမ်း၏ အဆုံးအဖြတ်အရ နှစ်ယောက်လုံး ရှုံးနေပြီဖြစ်၍ မှန်သူမောင်ကျဘမ်းအား ၂ယောက်စလုံးက ကျောပိုးရမည်ဖြစ်ရာ ၂ယောက်စလုံး မှာ ဘာမှမပြောသာတော့ပဲ မချိပြုံး ပြုံးရင်း ကျောကုန်းခံလိုက်ရလေတော့သည်။

(ရှင် ဥတ္တမကျော် နှင့် ခုံတော်မောင်ကျဘမ်း စကားစစ်ထိုးခန်း)


ဒါကယောကျာ်းတွေဘက်က အမြင်ကိုး



စိုက်ပျိုးရေးတက္ကသိုလ်တက်နေရာမှ ကျောင်းပိတ်ရက်တွင် အိမ်ပြန်လာရာအိမ်နီးချင်း အမျိုးသမီး တစ်ယောက်က ကျွန်တော့်အား လာတွေ့ပြီးမေးလေသည်. . . . ကြက်မွေးချင်သဖြင့် အကြံဥာဏ်လာတောင်းခြင်းဖြစ်သည်. .
ကြက်မွေးမြူရေးမှာ ကျွန်တော်သင်ယူသည့် ဘာသာရပ်မဟုတ်ကြောင်း၊ သို့သော် တစ်နိုင်မွေးလိုလျှင် ကြက်ဖတစ်ကောင်နှင့် ကြက်မ ၂၅ကောင်လောက် ဆိုရင် လုံလောက်ကြောင်း ကျွန်တော်ကပြောလိုက်ပါသည် . . . . .

နွေရာသီကျောင်းပိတ်ရက်၌ အိမ်ပြန်လာရာ ထိုအမျိုးသမီး၏ ကြက်မွေးမြူရေးကို သွားကြည့်သည့်အခါ ကျွန်တော် အံ့အားသင့်သွားပါသည် . . . ကြက်မ ၂၅ ကောင်နှင့် ကြက်ဖအတော်တော်များများကို တွေ့ရသဖြင့်ဖြစ်သည်. . . .
ကျွန်တော်ကရှင်းပြသည်. . .
"တကယ်ဆိုရင် ကြက်ဖတစ်ကောင်နှစ်ကောင်ဆိုလျှင် ဒီကြက်မတွေအတွက် လုံလောက်ပါတယ် . . . "

ကျွန်တော့်ကို ထိုအမျိုးသမီးက မကျေမနပ်နဲ့ကြည့်ပြီး ပြန်ပြောလိုက်သည်မှာ . . .
"ဒါကတော့ ရှင်တို့ယောကျာ်းတွေအမြင်နဲ့ပြောတာကိုး ". . . တဲ့



တေးထားတာနော်


တေးထားတာနော်

သား . . . ကျွန်တော်မင်္ဂလာဆောင်ရင် အဖေ့ကို မဖိတ်ဘူး ။

အဖေ . . . ဘာဖြစ်လို့တုန်းကွ ??? ၊

သား . . . အဖေ မင်္ဂလာဆောင်တုန်းက ကျွန်တော့်ကို မဖိတ်ဘူးလေ။

(ဘလော့မှ ညီအကိုမောင်နှမများ မင်္ဂလာဆောင်ရင် ..မဖိတ်ပဲ မနေပါနဲ့နော် )

အချောင်ပွတာပဲ

လူတစ်ယောက်ဟာ ရဲစခန်းထဲဝင်လာပြီး တာဝန်ကျ ရဲဝန်ထမ်းရဲ့ရှေ့မှာ ကြောင်အသေတစ်ကောင် ဘုန်းကနဲက ပစ်ချလိုက်ပါတယ်.. . . .

လူငယ်. . . . . . ဒါကြီးကျွန်တော့်အိမ်ရှေ့မှာ ဒါကြီး ဘယ်သူလာပစ်သွားလည်းမသိဘူးဗျာ. . .

ရဲဝန်ထမ်း . . . . . ကောင်းပြီလေ ခင်ဗျားနာမည်နဲ့ လိပ်စာသာပြောပါ. . . အဲ သုံးလကြာလို့မှ ပိုင်ရှင် မပေါ်ဘူးဆိုရင် ခင်ဗျားပိုင်ပြီလို့မှတ်လိုက်.

အားလုံးပျော်ရွှင်ပါစေ
P.S (Connection ကောင်းတုန်းလေးကို ဖတ်ထားတဲ့ ဟာသလေးကို အမြန်တင်လိုက်တာပါ.)




ကျေးဇူးရှင်ကြီးပါ


တစ်နေ့တွင် ခင်ပွန်းဖြစ်သူ အပြင်မှအိမ်သို့ ပြန်ရောက်လာသည်။ ခန်းဆီးနောက်ကွယ်၌ ဖိနပ်မပါဘဲ ရပ်နေသည့် ခြေထောက်နှစ်ဖက်ကို တွေ့လိုက်ရသည်။ သို့ဖြစ်၍ဇနီးဖြစ်သူကို ဒေါသတကြီးမေးလိုက်သည်။
"ဟေ့ -မိန်းမ ဒါဘာသဘောလဲကွ"
"မောင် --မောင်တို့ခင်တို့ တယ်လီဖုန်းရအောင် ဘယ်သူလုပ်ပေးလဲ။မောင် မှတ်မိသေးတယ်မဟုတ်လား"
"မင်းကိုမေးတာ တယ်လီဖုန်းအကြောင်းမဟုတ်ဘူး ဒီခြေထောက်နှစ်ချောင်းကို မေးနေတာ"
"မောင်ရယ် မောင်တို့ခင်တို့ ကားပါမစ်ကျအောင် ဘယ်သူလုပ်ပေးလဲ၊မောင်သိတယ်မဟုတ်လား"
"အေး မော်တော်ကားအကြောင်း မေးနေတာမဟုတ်ဘူး"
"မောင်ရယ်--- မောင်ရာထူးတိုးအောင် ဘယ်သူလုပ်ပေးလဲ"
"အေး --ငါမေးနေတာက ငါတို့တိုးတက်ကြီးပွားအောင် လုပ်ပေးတဲ့ ကျေးဇူးတွေ အကြောင်းမဟုတ်ဘူးကွ....။
ငါတို့ရဲ့ ကျေးဇူးရှင်ကြီး ဘာဖြစ်လို့ ဖိနပ်မပါဘဲ ရပ်နေရသလဲဆိုတာ မေးနေတာကွ...."

ပန်းကဗျာ


ခံရချက်ဆိုးလိုက်လေ


လယ်သမားကြီးတစ်ယောက်က သူ့မြင်းကြီး နေမကောင်းလို့တိရစ္ဆာန်ဆရာဝန်နဲ့ သွားဆွေးနွေးပါတယ်။ တိရစ္ဆာန်ဆရာဝန် ကလည်း ဆေးမှုန့်လေးတွေပေးပြီး အကြံပြု ညွှန်ကြားပြောဆိုလိုက်တာပေါ့။
" ကဲ. . . ဒီဆေးမှုန့်လေးတွေယူသွား။ ပြီးတော့ ပိုက်တံလေးတစ်ခုထဲမှာထည့်။ ပိုက်တံရဲ့တစ်ဖက်စွန်းကို ခင်ဗျားမြင်းကြီးရဲ့ ပါးစပ်ထဲတပ်ထား။ ဒီနောက်မှ ခင်ဗျားက ကျန်တဲ့တစ်ဖက်စွန်းကနေ ပါးစပ်နဲ့မှုတ်ထဲ့လိုက်။ ဒါဆို ဒီဆေးမှုန့်လေးတွေ ခင်ဗျား မြင်းကြီးရဲ့လည်ချောင်းထဲရောက်သွားရောပေါ့။ ဟုတ်ပြီလား "
ဒီလိုနဲ့ဆေးညွှန်ကြားချက်ယူပြီး အိမ်ပြန်သွားတဲ့ လယ်သမားကြီးဟာ နှစ်နာရီလောက်ကြာ သွားတော့ တိရစ္ဆာန်ဆရာဝန် ဆီ ချောင်းတဟွတ်ဟွတ်၊ မျက်ရည်တရွှဲရွှဲနဲ့ ပြန်ရောက် လာပါလေရော။
" ဘယ်လိုဖြစ်တာလဲဗျာ။ ကျွန်တော်ပြောသလို ခင်ဗျားမြင်းကြီးပါးစပ်ထဲ ဆေးမှုန့်တွေ မှုတ်မထည့်ဘူးလား "
" ပြောချင်တော့ပါဘူးဆရာရယ်။ ဒီကောင်ကြီးက ကျွန်တော့်ပါးစပ်ထဲ အရင် ဦးအောင်မှုတ်ထည့်လိုက်တယ်ဗျာ "

လုပ်ကြပါအုံး


ကျွန်တော်တို့ရပ်ကွက်ထဲမှာ စကားပြောရင် စည်းစနစ်ကြီးလှပြီး စကားပြောနည်းတဲ့ ဒေါ်စန်းရီဆိုတဲ့ အမျိုးသမီးကြီးတစ်ဥိး ရှိပါတယ်။ ဒေါ်စန်းရီက စကားပြောနည်းသလောက် ပြောမယ့်ပြောလည်း မှတ်သားလောက် အောင်ပြောတတ်ပါတယ်။ ဥပမာပေးလည်း အလွန်ကောင်း လှပါတယ်။
ခင်ပွန်းဖြစ်သူ က အိမ်မှာ အသုံးမလိုတဲ့ပစ္စည်းတွေကို ရောင်းပစ်မယ်လို့ပြောရင် ဒေါ်စန်းရီက ကန့်ကွက်တဲ့အပြင် " တော်တို့က တစ်စိတ်ရှိရင် ခါးပိုက်ထောင်ထဲက ဖားပဲထုတ် ထုတ်ပြီးရိုက်မယ် ဆိုတာပဲသိတယ် " လို့ အချက် ကျကျ ပြောတတ်ပါတယ်. . .
တစ်ခါ ဒေါ်စန်းရီရဲ့သားသမီးတွေ အလုပ်လုပ်တာ နေရာမကျ။ အကင်းမပါး လာဘ်မမြင်ရင်. .
" နင်တို့ကလည်း ညဏ်ထိုင်းတဲ့ အပ်ချုပ်သည် သားအမိလိုဖြစ်နေပြီ " လို့ပြောတော့ သားသမီးတွေက "ပြောပါအုံး အမေလို့ " ၀ိုင်းမေးကြတယ်။
ဒီတော့ ဒေါ်စန်းရီက " ဒီလိုဟဲ့ တစ်ခါက အပ်ချုပ်သည်သားအမိ (၂) ယောက်ရှိသတဲ့ ၊ သားအမိဆိုပေမဲ့၊ သမီးနှင့် အမေ လို့ပြောတာ ပိုမှန်မယ်။ တစ်နေ့မှာ သမီးလုပ်တဲံသူဆီကို ဘောင်းဘီတစ်ထည်ချုပ်ဖို့ အော်ဒါ ရသလို ၊ အမေလုပ်သူထံလည်း မွေ့ရာ ချုပ်ဖို့ လာအပ်သတဲ့. . . . "
"အဲဒါသမီးလုပ်သူက ဘောင်းဘီကို သစ်တစ်ပင်ရဲ့ "ခွ"စွပ်ပြီး ချုပ်သတဲ့ . . . ချုပ်လည်းပြီးရော ဘောင်းဘီက ချွတ်လို့ မရတော့ဘူး ဒါနဲ့ သူ့အမေကို အားကိုးတကြီးနဲ့ အကူအညီလှမ်းတောင်းရောတဲ့. . . "
" အမေရေ. . . . လုပ်ပါအုံး သမီးဘောင်းဘီ သစ်ပင်ခွဆုံက ချွတ်လို့မရတော့ဘူးလို့" လှမ်းအော်လိုက်ရော . .
အဲဒီမှာ မွေ့ရာချုပ်နေတဲ့ မိခင်လုပ်သူက ဘာပြောလည်းဆိုတော့ . . .
"ခဏနေဦးသမီးရေ အမေလည်း မွေ့ရာကို အတွင်းထဲက လှိုက်ပြီးချုပ်နေတာ ထွက်မရသေးဘူးတဲ့။ "
နင်တို့လည်း အဲဒီလိုဖြစ်နေပြီလို့ရှင်းပြတော့ သားသမီးတွေအားလုံးက အတောမသတ် နိုင်အောင် ရယ်လိုက်ကြတာ မပြောပါနဲ့တော့။

ရယ်မောခြင်းဖြင့်အသက်ရှည်ပါစေ. . . .
စိုးရဲထိုက် (ရွှေပြည်သာ) ၊ ရယ်စရာမဂ္ဂဇင်း။


ခံရချက်ဆိုးလိုက်လေ


လယ်သမားကြီးတစ်ယောက်က သူ့မြင်းကြီး နေမကောင်းလို့တိရစ္ဆာန်ဆရာဝန်နဲ့ သွားဆွေးနွေးပါတယ်။ တိရစ္ဆာန်ဆရာဝန် ကလည်း ဆေးမှုန့်လေးတွေပေးပြီး အကြံပြု ညွှန်ကြားပြောဆိုလိုက်တာပေါ့။
" ကဲ. . . ဒီဆေးမှုန့်လေးတွေယူသွား။ ပြီးတော့ ပိုက်တံလေးတစ်ခုထဲမှာထည့်။ ပိုက်တံရဲ့တစ်ဖက်စွန်းကို ခင်ဗျားမြင်းကြီးရဲ့ ပါးစပ်ထဲတပ်ထား။ ဒီနောက်မှ ခင်ဗျားက ကျန်တဲ့တစ်ဖက်စွန်းကနေ ပါးစပ်နဲ့မှုတ်ထဲ့လိုက်။ ဒါဆို ဒီဆေးမှုန့်လေးတွေ ခင်ဗျား မြင်းကြီးရဲ့လည်ချောင်းထဲရောက်သွားရောပေါ့။ ဟုတ်ပြီလား "
ဒီလိုနဲ့ဆေးညွှန်ကြားချက်ယူပြီး အိမ်ပြန်သွားတဲ့ လယ်သမားကြီးဟာ နှစ်နာရီလောက်ကြာ သွားတော့ တိရစ္ဆာန်ဆရာဝန် ဆီ ချောင်းတဟွတ်ဟွတ်၊ မျက်ရည်တရွှဲရွှဲနဲ့ ပြန်ရောက် လာပါလေရော။
" ဘယ်လိုဖြစ်တာလဲဗျာ။ ကျွန်တော်ပြောသလို ခင်ဗျားမြင်းကြီးပါးစပ်ထဲ ဆေးမှုန့်တွေ မှုတ်မထည့်ဘူးလား "
" ပြောချင်တော့ပါဘူးဆရာရယ်။ ဒီကောင်ကြီးက ကျွန်တော့်ပါးစပ်ထဲ အရင် ဦးအောင်မှုတ်ထည့်လိုက်တယ်ဗျာ "


သူ့ကိုမုန်းလို့


လူတစ်ယောက်ဟာ သူမွေးထားတဲ့ခွေးကြီးကို ခေါ်ပြီး သူ့မိတ်ဆွေ တိရစ္ဆာန် ဆရာဝန်ဆီခေါ်သွားပါတယ်။ သူ့ခွေးကြီးက အဖိုးတန်ထဲကဖြစ်ပြီး ခွေးထဲမှာ တော်တော့်ကိုလှတဲ့ကောင်လို့ ပြောလို့ရတယ်။ ဟိုရောက်တော့
ဆရာဝန်က . . . ခင်ဗျားခွေး ဘာဖြစ်လို့လဲ ၊ နေမကောင်းလို့လား ဆိုတော့
ခွေးရှင်က . .ဟင့်အင်း .သူ့အမြီးကိုဖြတ်ပစ်ချင်လို့ပါ၊ ကျေးဇူးပြုပြီးဗျာ အရင်းနားကနေ ဖြတ်ပေးစမ်းပါ.
ဆရာဝန်က ခွေးကိုတစ်လှည့် ခွေးပိုင်ရှင် မိတ်ဆွေကိုတစ်လှည့် တအံ့တသြနဲ့ ကြည့်မိတယ်။ ပြီးမှ…
ဆရာဝန်. . .ဘာလို့ဖြတ်ပြစ်ချင်ရတာလဲခင်ဗျာ၊ သူ့ခမျာ သနားစရာ။ ခင်ဗျားခွေး က ဒေါင်းတင်မောင်းတင်နဲ့ ခန့်ညားတဲ့ကောင်ကြီး၊ အမြီးဖြတ်ပစ်လိုက်ရင် ဘယ်လောက်ရုပ်ဆိုး သွားမလဲ မလုပ်ပါနဲ့ဗျာ ..
ခွေးရှင်က. . . မရဘူးဗျာ၊ ဒီကောင့်အမြီးကို ဖြတ်ကိုဖြတ်ရတော့မယ်၊ မဖြတ်လို့မဖြစ်ဘူး..
ဆရာဝန် . . . ဘာလို့ ဒီလောက်အသည်းအသန်ဖြတ်ချင်ရနေရတာလဲ..
အဲဒီမှာ ခွေးပိုင်ရှင်ပြောလိုက်တဲ့စကားကတော့
မနက်ကျရင် ကျွန်တော့ယောက္ခမကြီး အလည်ရောက်တော့မှာဗျ. ။ အဲဒီအခါကျရင် ကျွန်တော့ခွေးက အမြီးတနန့်နန့်နဲ့ ကြိုဆိုနေမှာကို မကြည့်ချင်လို့ဗျ။ ရှင်းပြီလား။


ဂါထာဘိုးတော်


ဂါထာဘိုးတော်

တစ်ခါက ရွာတစ်ရွာတွင် အလွန်ရိုးအသော လူပျိုကြီးတစ်ယောက်ရှိသည်။ သူများယောင်လို့ယောင် အမောင် တောင်မှန်းမြောက်မှန်းမသိ ဟူသောစကားသည် ထိုလူပျိုကြီးအတွက် ထားခဲ့ဟန်တူသည်။
သူများရှိခိုးလျှင် ရှိခိုး၏၊ သူများပူဇော်လျှင်ပူဇော်၏၊ ဘာမှအတွေးအခေါ်မရှိ၊ ထိုသူမျိုးမှ အလိမ်မခံရလျှင် အဘယ်သူအလိမ် ခံရမည်နည်း။ တစ်နေ့ သူတို့ ရွာထိပ်ဇရပ်တွင် ဂါထာအမျိုးမျိုးပေးနေသည်ဆိုသော ဘိုးတော်တစ်ယောက်ရောက်လာသဖြင့် လူပျိုကြီးသည် လူကြားထဲ့တွင် တိုးဝင်ကာအရောက်သွားခဲ့၏။
တစ်ခြားသူများ သူတို့လိုချင်သော ဂါထာမန္တာန် အသီးသီးကို ယူကြပြီးနောက် လူပျိုကြီးလှည့်အရောက်တွင်
ဘိုးတော်က...သားတော်ကြီးကရော ဘာဂါထာအဆောင်တွေများလိုချင်သလဲ...။
အိမ်ကို မီးမလောင်တဲ့ ဂါထာလို ချင်ပါတယ်..။
အိမ်းရစေ့မယ် ကဲ ဂါထာမပေးမယ်.... ဘဘုရား သာသနာပြုဖို့အတွက် ငွေငါးရာတော့ ကန်တော့ရမယ်။
ဒီ ဂါထာ တစ်ခြား ဂါထာတွေထက် ပိုထက်တယ်။အဲလိုနဲ့ လူပျိုကြီး မရှိမဲ့ ရှိမဲ့ ငွေလေး ငါးရာကို
ဘိုးတော်အား ကန်တော့လိုက်ရသည်။
ဘိုးတော်သင်ပေးလိုက်သော မီးကွင်း ဂါထာကား...
***မနောစက်စက်၊ တေဇောထွက်
ဝါတစ်ပိတ်သက်၊ ကြောင်တကက်***ဟူ၏။

လူပျိုကြီးကား ထိုဂါထာကို နေ့ ညဥ့်မပျက်၊ အမြဲတမ်းရွတ်ဖတ် သရဇ္ဈယ်ပါတော့သည်။
တစ်နေ့တွင် လူပျိုကြီးတို့ ရွာမီးအကြီးအကျယ်လောင်လေရာ မီးသတ်ကားရောက်နိုင်သော
အရပ်မဟုတ် သဖြင့် ကိုယ့်အထုပ်ကိုယ်ဆွဲကာ ပြေးကြရလေသည်။ သူများတွေကိုယ်အိမ်နား
မီးမရောက်ခင် အဖိုးတန်ပစ္စည်းလေးများ ထုပ်ပိုးနေကြသော်လည်း လူပျိုကြီးကား ဘိုးတော်၏
ဂါထာကိုသာ မျက်စိမှိတ်ပြီး ရွတ်နေသည်။ အခေါက်ပေါင်း ဘယ်လောက်ဟုပင် မမှတ်မိတော့၊
ကျောမီးပူဟပ်မှ လှည့်ကြည့်မိသောအခါ သူ့အိမ်နောက်ဖေး မီးစွဲနေသည်ကို တွေ့ရမှ
ဘာမှ မယူနိုင်ဘဲ လက်လွတ်ထွက်ပြေးရပါတော့သည်။ရွာထိပ်ရောက်သောအခါသူအားထား
နေသော ဂါထာဘိုးတော်နေသောဇရပ်ပါ မီးစွဲလောင်နေပြီကို
တွေ့ရသည်။ မီးလွတ်ရာတောတွင်းသို့ရောက်သည်အထိ သူ့ကိုယ်သူ အလိမ်ခံရသည်ကို
မရိပ်မိသေး၊ ဂါထာရွက်ပါလျှက်နှင့် သူ့အိမ် မီးမကွင်းသည်ကို မကျေမနပ်ဖြစ်ကား
ပွစိပွစိဖြစ်နေသည်။ထိုအခါရွာသားတစ်ယောက်က...ဘာတွေမကျေမနပ်ဖြစ်နေတာလဲဗျ
ဆိုတော့မှ ဂါထာအကြောင်းပြောပြလေသည်။
ဟောဗျာလူပျိုကြီးနှယ့် အ-ရန်ကော...စဉ်းစားကြည့်ပါဦး၊ ခင်းဗျားကို မီးကွင်းဂါထာပေးတဲ့
ဘိုးတော်တောင် သူနေတဲ့ ဇရပ် မီးလောင်လို့ ထွက်ပြေးသွားပြီ မဟုတ်လား။ကဲပြောပါဦး
လူပျိုကြီးရွတ် တဲ့ဂါထာ...အဓိပ္ပါယ်လေးဘာလေးတတ်သလောက်ဖော်ကြည့်ရအောင်...
သို့နှင် လူပျိုကြီးက-
မနော်စက်စက်၊တေဇောထွ့က် ၀ါတစ်ပိတ်သက်၊ ကြောင်တကက် ဟူသောဂါထာကို
ရွတ်ဆိုပြသောအခါ ထိုသူက လက်ခုပ်လက်ဝါးတီးပြီး တဟားဟားရယ်မောပြီး...
ကျုပ်အဓိပ္ပာယ်ဖွင့်ပြမယ်...
မနောစက်စက် - မနက်စောစောတဲ့
တေဇောထွ့က်ဆိုတာ - တောဈေးထွက်တဲ့ဗျ
ဝါတပိတ်သက် - ၀က်တစ်ပိသာတဲ့ဗျ
ကြောင်တကက်က - ကြက်တစ်ကောင်တဲ့ဗျ
ပေါင်းပြီးအဓိပ္ပါယ်ပြန်ရင် မနက်စောစောတောဈေးထွက်ပြီး ၀က်တစ်ပိသာနဲ့
ကြက်တစ်ကောင်ဝယ်ပါတဲ့၊ တခြား ဘာအဓိပ္ပါယ်မှ မရှိဘူး။
ထိုအခါကျမှ လူပျိုကြီးမှာ ခေါင်းငိုက်စိုက်ကျသွားပါတော့သည်။

ပေါ့ပေါ့ပါးပါး...ရယ်မောကြစေရန်ရည်ရွယ်ပါသည်။

အားလုံးကိုချစ်ခင်လေးစားလျှက်...
မေ16

No comments:

Post a Comment