မိုးညတစ်ညမှာ သူတောင်းစားတစ်ဦးဟာ သူကြွယ်အိမ်တစ်အိမ်နားရောက်လာပြီး ထမင်းကျန်ဟင်းကျန် ပေးသနားဖို့ တောင်းရမ်းခဲ့တယ်။ ဒါကို သူကြွယ်အိမ်ခြံစောင့်က မောင်းထုတ်တယ်။ သူတောင်းစားက အထဲဝင်ပြီး မိုးစိုနေတဲ့ အဝတ်အစားတွေကိုခြောက်အောင် မီးကင်ချင်တယ်လို့ ခယတောင်းပန်တယ်။ ငွေကြေးစွန့်စရာမလိုဘဲ အဝတ်ခြောက်ရုံမို့ ခြံစောင့်က ဝင်ခွင့်ပြုလိုက်တယ်။ သူတောင်းစားဟာ အဝတ်တွေကို မီးကင်ရင်း ကျောက်ခဲဟင်းရည်ချက်ဖို့ ခြံစောင့်ဆီမှာ အိုးတစ်လုံးငှားတယ်။ "ကျောက်ခဲဟင်းရည်"က ခြံစောင့်ကို ထူးဆန်းအံ့သြသွားစေတယ်။ အဲဒီလိုနဲ့ သိလိုစိတ်ကြောင့် အိုးတစ်လုံးပေးလိုက်တယ်။ သူတောင်းစားက ကျောက်ခဲတချို့ကိုကောက်ပြီး ရေစင်အောင်ဆေးတယ်။ ပြီးတော့ အိုးထဲရေထည့်ပြီး ပြုပ်လိုက်တယ်။
ရေဆူလာတော့ တစ်ဇွန်းခပ်မြည်းပြီး "ကောင်းလိုက်တာ.. ဒါပေမယ့် ဆားနည်းနည်းထည့်ရင် ပိုအရသာရှိမှာပဲ"လို့ဆိုတယ်။ ခြံစောင့်က သူ့ကိုဆားပေးလိုက်တယ်။ သူတောင်းစားက ဟင်းရည်တစ်ဇွန်းမြည်းလိုက် ခြံစောင့်ကတစ်မျိုးပေးလိုက်နဲ့ ပဲတချို့ပေးတယ်၊ ဟင်းခတ်အမွှေးအကြိုင်တချို့ ပေးတယ်။ နောက်ဆုံးမှာ အသားတချို့တောင်ပေးလိုက်ရတယ်။ နောက်ဆုံး ဟင်းရည်ကျက်တော့ သူတောင်းစားက ကျောက်ခဲတွေကိုဆယ်ပြီး လွင့်ပစ်လိုက်တယ်။ ဟင်းကောင်းတစ်ခွက်ကို သူရသွားတော့တယ်။
ဘဝမှာလည်း စိတ်ပါဝင်တစားနဲ့ အသိဉာဏ်တချို့ထည့်၊ စဉ်းစားတွေးခေါ်မှုတချို့ထည့်ရင် သာမန်ရိုးစင်းတဲ့ကံတရားကို မွှေးကြိုင်အရသာရှိတဲ့ ဟင်းရည်တစ်ခွက်ဖြစ်အောင် ချက်နိုင်ပါတယ်။
汪野Koizumiလို့ခေါ်တဲ့ အသက်၂၃နှစ်အရွယ် ဂျပန်ကောင်လေးတစ်ယောက်ဟာ နယ်မြို့လေးတစ်မြို့ကနေ တိုကျိုကို ရောက်လာခဲ့တယ်။ တိုကျိုက တိုးတက်ဖွံ့ဖြိုးတဲ့ စီးပွားရေးမြို့ကြီးတစ်မြို့ဖြစ်တယ်။ ဘာမဆို ငွေပေးဝယ်ရတယ်။ တိုကျိုမြို့သူဌေးတွေ ရေကိုငွေနဲ့ဝယ်သုံးတာတွေ့တော့ "ရေကိုတောင် ငွေပေးဝယ်ရတယ်?"ဆိုပြီး သူအရမ်းအံ့သြသွားတယ်။
ဒီလိုအဖြစ်ကိုတွေ့တော့ သူနဲ့အတူ တိုကျိုကိုရောက်လာတဲ့လူတွေက ဒီလိုတွေးတယ်။ တိုကျိုမြို့က ရေကိုတောင် ငွေနဲ့ဝယ်ရတယ်ဆိုတော့ အစစအရာရာဈေးကြီးမှာပဲ။ ကြာကြာရပ်တည်လို့ရမှာ မဟုတ်ဘူးဆိုပြီး တိုကျိုမြို့ကိုခွာခဲ့ကြတယ်။ ဒါပေမယ့် Koizumiက ဒီလိုမတွေးခဲ့ဘူး။ တိုကျိုမြို့မှာ ရေနဲ့တောင် ငွေရှာနိုင်တယ်၊ ဒါဟာ အခွင့်အရေးတစ်ခုလို့ သူမြင်တယ်။ ဒါကို သူစိတ်ဝင်စားတယ်။ အဲဒီလိုနဲ့ သူ့ဘဝကိုသူ စဖန်ဆင်းလိုက်တယ်။ နောက်ပိုင်းမှာ သူဟာ ဂျပန်နိုင်ငံရဲ့ "ဘိလပ်မြေဘုရင်"ဖြစ်ခဲ့တယ်။ တူညီတဲ့ ရေတစ်ပုံးပေမယ့် မတူတဲ့လူတွေရဲ့အကြည့်မှာ မတူတဲ့အမြင်၊ မတူတဲ့ကံကြမ္မာကို တွေ့ခဲ့တယ်။
နာမည်ကြီးဂီတပညာရှင် Beethovenဟာ ငယ်ငယ်လေးကတည်းက အကြားချိုတဲ့သူဖြစ်တယ်။ အရွယ်ရောက်ချိန်မှာ နားလုံးဝကန်းသွားခဲ့တယ်။ ဒီလိုအခက်အခဲကြားမှာတောင် ငြိမ့်ညောင်းသာယာတဲ့ symphony 9ကို သူရေးစပ်နိုင်ခဲ့တယ်။
လူမည်းကျွန်တွေကို လွတ်မြောက်ရေးပေးခဲ့တဲ့ အမေရိကန်သမ္မတလင်ကွန်းက မိဘမဲ့ကလေးဖြစ်တဲ့အပြင် ရုပ်ဆိုးပြီး အပြောအဆို၊ အပြုအမူလည်း ကြမ်းတမ်းသူဖြစ်တယ်။ ဒီလိုချွတ်ယွင်းချက်တွေကို ဖာထေးဖို့ ပညာရေးဖက်မှာ သူအင်အားတွေယူခဲ့တယ်။ ကိုယ်တိုင်သင်ယူစနစ်နဲ့ သူအစွမ်းကုန်ကြိုးစားခဲ့တယ်။ ကလေးဘဝက ဆင်းရဲချိုတဲ့ခဲ့တဲ့ အသိဉာဏ်၊ ဗဟုသုတနဲ့ အထီးကျန်မှုကို သူဖြည့်ဆည်းခဲ့တယ်။ သူသင်ယူတယ်၊ သူကြိုးစားတယ်။ မျက်လုံးတွေ ချိုင့်ဝင်တဲ့အထိ သူစာတွေဖတ်ခဲ့တယ်။ စာထဲက အသိဉာဏ်၊ ဗဟုသုတတွေနဲ့ သူ့ချွတ်ယွင်းချက်တွေကို အစားထိုးခဲ့တယ်။ နောက်ဆုံးမှာ ကိုယ့်ကိုယ်ကိုသိမ်ငယ်စိတ်၊ အားငယ်စိတ်ထဲကနေ သူရုန်းထွက်နိုင်ခဲ့ပြီး မြင့်မြတ်တဲ့ ခေါင်းဆောင်ကောင်းတစ်ဦး ဖြစ်ခဲ့တယ်။
လူတစ်ယောက်ရဲ့တကယ့်တန်ဖိုးဆိုတာ ကိုယ်တိုင်တည်ခင်းထားတဲ့ ထောင်ချောက်ထဲကနေ သူရုန်းထွက်နိုင် မထွက်နိုင်ဆိုတာနဲ့ ဆုံးဖြတ်တယ်။ ကိုယ့်ကိုတန်ဖိုးဖြတ်နိုင်၊ ပျော်ရွှင်စေနိုင်သူက ကိုယ့်ကိုယ်တိုင်ပဲဖြစ်တယ်။ ဒါကြောင့် "ကိုယ့်ကိုယ်ကို ကယ်တင်သူတွေကိုပဲ ဘုရားသခင်က အကူအညီပေးတယ်"လို့ ဆိုခဲ့ကြပါတယ်။
မူရင်း---- Hu Bao Lin (胡寶林) ပြုစုရေးသားသော "မိမိကိုယ်ကိုယ်ကောင်းမွန်အောင် ဆက်ဆံနည်း"စာအုပ်ထဲက ဖြစ်ပါတယ်။
နိုင်းနိုင်းစနေ ဘာသာပြန်သည်။
--
Be Happy,
Moe Moe.
No comments:
Post a Comment